ရန်ကုန်ကို မက်တဲ့ မနေ့ညက အိမ်မက်ထဲမှာ
ရှိတ်စပီးယားပြဇာတ်တစ်ပုဒ်အကြောင်းသင်နေတဲ့ ဆံတုစွပ်ထားတဲ့ ဆရာမတစ်ယောက်က
ငါ့ကို လက်ဗီးစတောက်အတ္တုပ္ပတိတွေ စပိန်လို ဖတ်ခိုင်းတယ်
ငါ ဒေါသတွေ ထွက်လိုက်တာ
အိမ်အပြန်လမ်းဟာ စိမ်းသလိုလိုနဲ့
ရင်းနှီးနေပြန်တယ်
ပလက်ဖောင်းပေါ်အထိ လျှံထွက်နေတဲ့
လက်ဖက်ရည်ဆိုင်ခုံပုတွေကြားက ဖြတ်လျှောက်ရင်း
၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ရပ်
ဆော့နေတဲ့ အဖြူအစိမ်းဝတ်ကလေးတွေ တွေ့ရင်း
ပြုံးမိတယ်
ကလေးမလေးလက်က လက်ဖက်ရည်ထိုင်သောက်နေတဲ့ ဦးလေးကြီး မျက်နှာ ထိုးမိတော့မယ်လေ
မြှောက်ကြွ မြှောက်ကြွနဲ့ ငါ့ခန္ဓာဟာ
မြေနဲ့ မထိသလိုပဲ
ထိစရာမှလည်း မလိုတာ
တိုက်အောက်က သံပန်းဟာ
အိမ်နီးနားချင်းတစ်ယောက် ဖွင့်ပေးလို့ ပွင့်နေတယ်
တိုက်လှေကားထစ်တွေဟာ ဆောက်မတ်နေတာ
လှေကားပေါ်တက်တိုင်း တွေးမိပေမဲ့
ပြီးရင်လည်း
လှေကားထစ်တွေအကြောင်း
ပြန်ပြန်မေ့သွားပြန်တယ်
အမေက ငါ့ကို အိမ်တံခါးမှာ ပြုံးပြုံးလေး လာကြိုတယ်
အိမ်မက်တွေပဲ
သင်္ချာ ဘာလို မသင်တာလဲ
အမေ မေးတယ်
ရော့ ဒီမှာ
အတွက်အချက် ဒိုင်ရာဂရမ်တွေ ဆွဲထားတဲ့ စာရွက်ဖြူကို
ငေးကြည့်ရင်း
သင်္ချာ ဘာလို့ မသင်တာလဲ
ငါ့ကိုယ်ငါ ပြန်မေးမိတယ်
အမေ့စကား နားထောင်ခဲ့ရ ကောင်းသား
အိမ်မက်တွေကို ကုန်တင်ရထားတစ်စီးလို တက်ခွစီးရင်း
အရင်လို အမေ သနပ်ခါး လိမ်းတာ ထိုင်ကြည့်ချင်စိတ် ပေါ်မိတယ်
မျက်နှာဟာ အိပ်ရာက ထရင် စီးကပ်ကပ်ဖြစ်နေတယ်
တစ်ခါတစ်လေ အိမ်မက်ထဲမှာ ငိုရင်းနဲ့ အပြင်မှာပါ ငိုချမိတယ်
ဂျိုင်းက အနံ့မရပေမဲ့ ချွေးတွေ ထွက်နေသလိုပဲ
အခုတလော နိုးနိုးချင်း မျက်နှာလည်း မသစ်ဖြစ် သွားလည်း မတိုက်ဖြစ်
နေမမြင့်ခင်တော့ တံမြက်စည်းလှဲ ဟင်းချက်ပါဦးမယ်
လေထဲမှာ ဝဲ ဝဲ သွားပြီး ဖမ်းရခက်တဲ့ အဖြူရောင် ဖုန်မွှေးတွေက ဘယ်က ရောက်လာတာလဲ တံမြက်စည်းလှဲတိုင်း တွေးမိတယ်
သူတို့ကို မရမက လိုက် လိုက် ဖမ်းရင်း ကလေးတစ်ယောက်လို မြူးရမဲ့အစား စိတ်မရှည်ဘူး
မနက်နေက ထမင်းစားစားပွဲနောက်ကနေ မျက်နှာကို လာထိုးတယ်
၃ လက်မ သာသာလောက်ရှိတဲ့ ကန္တာရ သစ်ဆူးပင်လေးက နေရောင်အောက်မှာ လှလိုက်တာ
ရေမသောက်ဘဲ နေပဲသောက်တဲ့ အပင်တွေကို အားကျမိတယ်
ဝမ်းစာတွေ ဘယ်လောက်တောင် ကြိုစုထားလဲလို့
လှုပ်လှုပ် လှုပ်လှုပ် လုပ်လိုက်တိုင်း မောတတ်တဲ့ ကျွန်မလို မဟုတ်ကြဘူးနော်
ဆန်အဖြူတွေကို ဆန်ရိုင်းနဲ့ ၂ လုံး ၁ လုံးအချိုးထည့်ပြီး အိုးထဲမှာ နာနာဆေးတယ်
ဆန်စေ့တွေ လက်ကြားထဲ ပွတ်ပွတ်သွားတဲ့ အရသာက တရားထိုင်ရသလိုပဲ
အသားမာတက်ခါစ လက်တွေက ဆန်ဆေးဖို့အတွက် အကောင်းဆုံး တန်ဆာပလာဖြစ်နေပြန်တယ်
ဘေစင်နောက်နားကနေ နောက်ဖေးက အပင်ရိုင်းတွေကို ကြည့်မိတယ်
ခုတ်ပစ်ရမယ် ခုတ်ပစ်ရမယ် တွေးရင်း လူအရပ်ကျော်သွားကြပြီ
ခုတ်ပစ်သင့်သေးသလား
ဖြည်းဖြည်းချင်းစီ နယ်ရင်း ဆေးရင်း ထွက်လာတဲ့ အဖြူညစ်ရောင် အရည်တွေက သစ်ပင်တွေအတွက် နေ့လည်စာ ရတယ်
တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့
ထမင်းအိုးတည်ထားတုန်း အိမ်ရှေ့မှာ ခဏထိုင်တော့ ခွေးလေးက အနားလာတယ်
နေရာတွေ အကျယ်ကြီး ရှိနေတာတောင်မှ ဘာလို့ အသားချင်းကပ်ချင်ရတာလဲနော်
သူ့အမွှေးတွေကို ပွတ်သပ်ပေးရင်း ကျွန်မလည်း စိတ်သက်သာရာရတယ်
တမင်တကာ ဗီဇပြုပြင်ခံထားရတဲ့ သူကလည်း ကြိုက်တဲ့ပုံပဲ
ညနေကျရင် ဘောလုံးကို လေထဲ မြှောက်ပစ် ပစ်ပေးရင်း ဆော့ကြဦးမယ် ကြည့်
စ တယ်ဆိုတာ ချစ်လို့လည်း ပါတယ်နော်
ဒါပေမဲ့ ကျွန်မအချစ်တွေက တစ်ခါတစ်လေ ရိုင်းတယ်
နိူင်ထက်စီးနင်း နာမည်တွေကို ချစ်စနိုးလို့ တပ်ခေါ်ရတာ ပါးစပ်ထဲ နားထဲ တစ်တစ်ခွခွပဲ
ခဏနေရင် ဧည့်ခန်းထဲအထိ လှိုင်လာတဲ့ ထမင်းနံ့တွေကို မျက်စိမှိတ်ပြီး သေချာရှုမိတယ်
ဘာအရသာမှ မယ်မယ်ရရ မရှိတာတွေကို ဘာလို့ ကြိုက်ရတာလဲ ကျွန်မ မသိဘူး
နေ့လည်စာ လက်ဆုံစားဖို့ မရှိတဲ့ ဧည့်သည်တွေကို ပြတင်းက မျှော်မိတယ်
နောက်တော့လည်း ငပိရည်ကို ထမင်းနဲ့နယ်ပြီး သခွားသီးစိမ်းနဲ့ တစ်ယောက်တည်း တို့စားရတာပါပဲ
ဘေးနားမှာ စိတ်ရှည်လက်ရှည်စောင့်နေတဲ့ ခွေးလေးကို သခွားသီး တစ်ဖတ် နှစ်ဖတ် ကျွေးဦးမယ်
ဘဲဥချက်တဲ့နေ့တွေဆို အကာသားကို လျှာနဲ့ သေချာစုပ်ပြီးမှ သူ့ကို ကျွေးတယ်
ဒါပေမဲ့လည်း အရိုးတွေစားပြီး ပြန်အန်ထုတ်တဲ့ နေ့တွေ ရှိတာပဲ
ဒီနေ့က ခေါင်းအုံးစွပ်တွေ လဲရမဲ့နေ့လေ
လက်သည်းတွေ ကျိုးကောင်းကျိုးနိူင်တယ်
ခေါင်းအုံးစွပ်ဆို အရောင်တောက်တောက်ကလေးတွေ ပိုကြိုက်တယ်
ငယ်တုန်းပဲ အရောင်တောက်တောက်ကလေးတွေ ဝတ်ရတာလို့ အမေက ပြောဖူးတယ်
အနီရောင်တွေ၊ ပန်းရောင်တွေ ဗီဒိုထဲ အပြည့်ပဲ
နောက်တော့ အမေ သူများ ပေးလိုက်တယ်
ကျွန်မ မငယ်တော့ဘူး
နေ့မြင့်လာရင် ကျွန်မ စာထိုင်ရေးမိတယ်
အရည်မရ အဖတ်မရ ပေါက်တတ်ကရတွေရော
ပေါက်ပေါက်စစတွေရော
အို ဘာဖြစ်လဲ
ကိုယ့်အတွက်ကိုယ် ရေးတာပဲ
ဘာလို့ သူများကြိုက်မှာ မကြိုက်မှာ စိတ်ပူကြတာလဲဟင်
ဦးနှောက်ညောင်းလာရင်တော့ အိပ်ခန်းကို ဆေးသုတ်ဦးမယ်
အစိမ်းနုရောင်လေးဆို မျက်စိအေးမယ် တွေးပေမဲ့ ဆေးဆိုင်ထဲက လိမ္မော်ရောင်အတန်းနားမှာ တဝဲလည်လည် ဖြစ်ရပြန်တယ်
စိတ်ထဲမကောင်းရင် ဆေးသုတ်ရတာလည်း ခက်တယ်
အနားစတွေ သတ်ဖို့ လက်မညီဘူး
အဲ့ဒါကြောင့် ပန်းချီကားတွေ ဆွဲတိုင်း တိတိပပ ပုံတွေ မဆွဲဖြစ်ဘူး
ဖြစ်ကတတ်ဆန်းပဲ ဆေးတွေ ပက်မိတယ်
ညနေစောင်းရင်တော့ ကျနေက ပုဇွန်ဆီရောင် ကာနေးရှင်းတွေကို လာဟပ်တယ်
အိမ်က ပြန်စည်လာတယ်
ဧည့်ခန်းက ဆက်တီခုံတွေကြား ခွေးလေးနဲ့ ပြေးဆော့မိတယ်
ကျွန်မ မောလိုက်တာ
ထမီဝတ်ထားရင် သူကိုက်မိလွယ်လို့ ဘောင်းဘီပြောင်းဝတ်ပြီး ပြေးတယ်
ငယ်ငယ်တုန်းက အိမ်လို တံခါးတွေ အစေ့ ပြန် မပိတ်တတ်တဲ့ နှလုံးက ပြီးရင် လှိုက်နေတာပဲ
တစ်နေ့နေ့ အဲ့တံခါးက ဝုန်းခနဲ ပွင့်ထွက်ဦးမှာပါပဲ
တစ်နေကုန် ဖိနပ်မစီးဖြစ်ဘူး
ခြေစွပ်တွေလည်း ပေးပစ်လိုက်သင့်ပြီ ထင်တယ်
ဖုန်တွေ တက်နေတဲ့ ခြေထောက်ကို သူ့နားရွက်နှစ်ဖက်ဆွဲပြီး နဖူးကို နမ်းမိသလို လျှာနဲ့ အယက်ခံရဦးမှာပဲ
ခြေထောက်တွေက ဘယ်တော့မှ မအေးပါဘူး
၇ နာရီလောက်ဆို အိပ်ရာထဲရောက်နေပြီ
သတင်းတွေ ဖတ်တယ်
နမ်းတယ်
အိပ်ရာဘေးမှာ ရေတစ်ခွက်တော့ အမြဲထားရတယ်
ညသန်းခေါင် လည်ချောင်းတွေ ခြောက်ပြီး နိုးလာတတ်လို့လေ
အိမ်မက်ထဲမှာ စံပယ်ပန်းကုံးတွေအပြည့်နဲ့ ဂူထဲ ရောက်ရောက်သွားပြန်တယ်
ဖျင်ကြမ်းအင်္ကျီနဲ့ ဦးလေးကြီးက လာလာခေါ်တယ်
ဘုရား သွားဖူးရအောင်တဲ့
ကလေးလေး ဖြစ် ဖြစ်သွားပြန်တယ်
မနက်နိုးရင်တော့ အနံ့မရပေမဲ့လည်း ကျွန်မကိုယ် ချွေးတွေနဲ့ စီးကပ်ကပ် ဖြစ်နေလိမ့်ဦးမယ်
မျက်လုံးထောင့်နားမှာ ဝိုးတဝါး တွေ့ရတယ်
အိမ်ပြင်မှာ ရစ်သီရစ်သီ လူတစ်ယောက်
ဝင်ခဲ့ပါ
မဖိတ်မခေါ်မချင်း သူဝင်လို့မရ
ဖျာခင်းပေးမယ်
ခြင်ထောင်ကြိုးချည်ပေးမယ်
ဧည့်ဝတ်ပြုငှာစွာ ကြိုဆိုမယ်
လက်ဖက်သုပ်ကျွေးမယ်
ဒါပေမဲ့ သူ အကြာကြီးနေလို့မရတာ ငါတို့အားလုံးအသိ
တခြားလူတွေ မမြင်ရတဲ့
သူ့ကို ဘာလို့ ငါမြင်မိတာလဲ
ငါ့မှာ ထူးဆန်းတဲ့ တန်ခိုးတွေ ရှိနေတယ်
မွေးနေ့နီးတိုင်း
စိုရွှဲနေတဲ့ ဂူတွေထဲမှာ စံပယ်ပန်းတွေ
သွား သွား သီမိတဲ့ ငါ့မှာ
ထူးဆန်းတဲ့ တန်ခိုးတွေ ရှိနေတယ်
အမေပြောတယ်
ညနက်တိုင်း ရှမ်းလွင်ပြင်မှာ
ဖျင်နီအင်္ကျီကြီးဝတ်ပြီး
အုန်းဆံခွံရောင် မြင်းကြီး
ထွက် ထွက်စီးတဲ့
အမေလိုပဲ နေမှာပေါ့
အမေ ပျော်နေမလား
မျက်ရည်တွေ ကျနေမလား
ဆီအမြဲထည့်ထားတဲ့ ဆံပင်တွေကို ဝဲနေအောင် ချထားမယ်လို့တော့ ငါခန့်မှန်းမိတယ်
နောက်တစ်နေ့ညကျ
အိမ်ပြင် ဘယ်မှ မထွက်တဲ့
အမေ့ နို့သီးတွေထဲ
ဖှုတ်တွေ ဝင်နေတယ်
နွားနို့နဲ့ ရေညှိကျွေးပြီး
ငါ့ကို မွေးမြူတယ်
ငှက်ပျောသီးနဲ့ အုန်းသီးလည်း ပါတတ်သေးတယ်
ဒါပေမဲ့ ငါဟာ ဘိုစာတွေ ပိုကြိုက်တတ်တယ်တဲ့
ရွှေရောင် ငွေရောင် စက္ကူစလေးတွေတော့
ငါ အခု ဝါးစားကြည့်ချင်တယ်
အရင်ဘဝက ငါ့အကို ငါ့ကို စိတ်ဆိုးနေမလား
ကောင်းတာတွေ မလုပ်လို့
ဒီဘဝကနေ ပြန်ခေါ်ခံလိုက်ရတဲ့သူတွေ
အပုံကြီးပဲ
ငါ ဒီဘဝမှာ ပျော်တယ်
ငါ ဒီဘဝမှာ စိတ်ဆင်းရဲတယ်
အမေကတော့
မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်တွေနဲ့
ငါ ဒီဘဝက မပြန်ရအောင်
ယတြာချေမယ်
“လက်ပြန်ကြိုးတွေ တုပ်လိုက်စမ်း”
ငါ့လက်တွေကို ဘယ်သူ ကြိုးတုပ်ထားတာလဲ
ကြိုးလည် မမြင် လက်လည်း မမြင်
ငါ့လက်တွေကတော့ နောက်ကျောမှာ
ငါ့ မျက်လုံးထောင့်မှာ တွေ့ရတာ
မှန်တစ်ချပ်
မှန်ထဲမှာက လူတစ်ယောက်
မျက်နှာမှာ သနပ်ခါး မရှိတော့တဲ့ လူတစ်ယောက်
ခါးမှာ ထမီမကပ်တော့တဲ့ လူတစ်ယောက်
ပါးစပ်မှာ ငပိနံ့ မနံ့တော့တဲ့ လူတစ်ယောက်
ရင်သားမှာ ဘော်လီမမြဲတော့တဲ့ လူတစ်ယောက်
အိမ်တံခါးဝမှာ လူတစ်ယောက်
ရစ်သီ ရစ်သီ ငါတွေ့တယ်
၃ ရက်ပြည့်ရင် ပြန်ရမဲ့ သက်တမ်း
ဝင်ခဲ့ပါ ငါမခေါ်ချင်တော့ဘူး
အိမ်ထောင့်က သစ်ကိုင်းတစ်ကိုင်းသာချိုးပြီး
အမြဲနေခွင့် ပြုလိုက်တော့မယ်